အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိလိုက်တဲ့အခါ
ချစ်ရသူ ဒါမှမဟုတ် သူစိမ်းတစ်ယောက်နဲ့ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံမိလိုက်တာ၊ ဒါမှမဟုတ် လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်သွားတဲ့အခါမျိုးမှာ နောက်ဆက်တွဲ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ ကိုယ်ဝန်ရသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ အကယ်လို့ ကိုယ်က အရေးပေါ်အခြေအနေမှာ မရှောင်လွှဲသာဘဲ ဖြစ်လိုက်မိတယ်၊ ကိစ္စတွေပြီးသွားတော့မှ ဘာဆက်လုပ်ရမလဲ အဖြေရှာရခက်နေရင် ဒီဆောင်းပါးမှာ ရေးထားတဲ့ အချက်တွေကို ကိုယ်တိုင်လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
၁။ လိင်ဆက်ဆံမှုကို ချက်ချင်းရပ်တန့်ပါ။
အကယ်လို့ ကိုယ်က လိင်ဆက်ဆံနေတုန်း ကွန်ဒုံးပေါက်သွားတာ၊ ဒါမှမဟုတ် ကိုယ့်အဖော်က ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံနေတယ်လို့ သံသယရှိရင် လိင်မှုကိစ္စကို ချက်ချင်းရပ်ပြီး ကွန်ဒုံးအသစ်တစ်ခု ထပ်စွပ်ခိုင်းပါ။ ဝင်သွားပြီပဲဆိုပြီး အဆုံးထိ လက်ခံစရာမလိုပါဘူး။ ကိုယ့်ဘက်က အဆင်မပြေတဲ့အခြေအနေမျိုးမှာ ဘယ်လောက်ပဲ ကြိုက်နေပါစေ၊ လိင်မှုကိစ္စကို ရှေ့ဆက်တိုးစရာမလိုပါဘူး။
၂။ ပြီးသွားပြီဆိုရင် သန့်ရှင်းရေးလုပ်ပါ။
ရေချိုးခန်းထဲ ဝင်ပြီး အထဲမှာကျန်နေတဲ့ သုက်ရည်တွေကို ထုတ်ပစ်ပါ။ ယောက်ျားလေးတစ်ယောက်အနေနဲ့ ကိုယ့်လိင်အင်္ဂါမှာ ပွန်းပဲ့ဒဏ်ရာဖြစ်နေလားဆိုတာ အလွယ်တကူသိနိုင်ပေမယ့် မိန်းကလေးတွေကတော့ မသိနိုင်တာကြောင့် ထပ်ပြီးလက်နဲ့ထိုးတာ၊ ညှစ်တာ၊ ဖြဲတာမျိုးတွေ မလုပ်ပါနဲ့။ အိမ်သာရေပန်း ဒါမှမဟုတ် ရေချိုးခန်းက ရေပန်းနဲ့ အတွင်းထဲထိ သေချာဆေးကြောပါ။ လက်နဲ့နှိုက်ချွတ်ဆေးကြောဖို့ မလိုပါဘူး။
၃။ တခြားသူတစ်ယောက်ကို ပြောပြပါ။
ကိုယ်က အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိလိုက်တယ်ဆိုရင် ကိုယ်နဲ့ခင်မင်ရင်းနှီးသူတစ်ယောက်၊ ဒါမှမဟုတ် ကိုယ်ပြသနေကျ ဆရာဝန်ကို ဒီအကြောင်း သေချာပြောပြထားဖို့လိုပါတယ်။ ဒါမှပဲ လိုအပ်တဲ့ ကာကွယ်မှုတွေကို လုပ်နိုင်မှာပါ။ အကယ်လို့ ကိုယ်က တားဆေးပုံမှန်သောက်တဲ့သူဆိုရင် ပြဿနာမရှိပေမဲ့၊ တားဆေးသောက်တာ ရက်မမှန်တာ၊ ကြားထဲမှာ ရပ်ထားတာ၊ တစ်ခါမှမသောက်ဖူးဘူးဆိုရင် အရေးပေါ်တားဆေး သောက်ထားလို့ရပြီး နောက်ပိုင်းမှာ သန္ဓေတားဖို့ ဘယ်လိုနည်းလမ်းတွေ ယူသင့်လဲဆိုတာကို တိုင်ပင်လို့ရပါတယ်။
လိင်မှတစ်ဆင့် ကူးစက်ရောဂါအနေနဲ့ HIV ပိုး မကူးခံရစေဖို့ ၄၈ နာရီအတွင်း သောက်လို့ PEP ဆေးတွေ သောက်လို့ရပါတယ်။ နောက်ပိုင်းမှာလည်း HIV ပိုး ကာကွယ်ဖို့ PrEP ကာကွယ်ဆေးကို ပုံမှန်သောက်ပေးလို့ ရပါတယ်။
၄။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို စစ်ဆေးပါ။
အကယ်လို့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက်မှာ ရာသီစက်ဝန်းမမှန်တော့တာ၊ အဖြူဆင်းတာ၊ ဆီးသွားရင် နာကျင်တာ၊ အဖျားတက်တာ၊ စအို၊ မိန်းမကိုယ်၊ လိင်တံနဲ့ ပါးစပ်ပတ်လည်မှာ အနာကွက်တွေ ထွက်တာ၊ အင်ပြင်ထတာ၊ ချမ်းတုန်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် ကိုယ်ပြနေကျ ဆရာဝန်နဲ့ သေချာပြန်ပြကြည့်ပါ။ ဒီလက္ခဏာတွေဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါနဲ့ ကိုယ်ဝန်ရဲ့ အချက်ပြလက္ခဏာတွေ ဖြစ်ပေမယ့် တခြားစိတ်ကျန်းမာရေးနဲ့ ရုပ်ခန္ဓာကျန်းမာရေးကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် စစ်ဆေးကြည့်တာ ပိုကောင်းပါတယ်။
၅။ သွေးစစ်ပါ။
အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၃) လပြည့်တဲ့နေ့မှာ သွေးစစ်ကြည့်ပြီး တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရှိမရှိ စစ်ဆေးကြည့်နိုင်ပါတယ်။ ပိုပြီးသေချာသွားဖို့ဆိုရင် (၆) လပြည့်တဲ့နေ့မှာ နောက်တစ်ခေါက်ထပ်ပြီး စစ်ကြည့်နိုင်ပါတယ်။ ကိုယ်ဝန်အတွက် အရေးပေါ်တားဆေး သောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ (၃) ပတ်ပြည့်ပြီးနောက်မှာ ဆီးစစ်တံနဲ့ စစ်ကြည့်လို့ ရပါတယ်။
နောက်ပိုင်းတွေမှာ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမျိုး မဖြစ်ရလေအောင်
၁။ သွားလေရာ ကွန်ဒုံးဆောင်ပါ။ ကွန်ဒုံးဆောင်တာက ရှက်စရာမဟုတ်ပါဘူး၊ မဆောင်ဘဲ အလွတ်ဖြစ်လိုက်ပြီး ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကမှ ကိုယ့်ဘဝအနာဂတ်ကို အဓိကဖျက်ဆီးသွားမှာပါ။
၂။ မိန်းကလေးတွေအနေနဲ့ တားဆေးကို ပုံမှန်သောက်ဖို့ မမေ့ပါနဲ့။ တားဆေးသောက်တဲ့ရက် ပျက်ကွက်ခြင်းက ဆေးအာနိသင်ကို လျော့ကျစေတာကြောင့် မတော်တဆ ကိုယ်ဝန်ရသွားနိုင်တာကို သတိပြုပါ။
၃။ အကယ်လို့ ကိုယ်က တားဆေးမသောက်ချင်ဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြပြီး လက်မောင်းတွင်း သန္ဓေတားပစ္စည်း (IUD) ထည့်တာမျိုး လုပ်နိုင်ပါတယ်။
၄။ ယောက်ျားလေးတွေအနေနဲ့ ကလေးလုံးဝမလိုချင်ဘူးလို့ စဉ်းစားထားတယ်ဆိုရင် သားကြောဖြတ်ထားလို့ ရပါတယ်။
၅။ တားဆေးသောက်ခြင်းဟာ ကိုယ်ဝန်ကို တားပေးနိုင်တယ်ဆိုပေမယ့် ၁၀၀% အပြည့်အဝကာကွယ်နိုင်တာ မဟုတ်သလို၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုလည်း မကာကွယ်ပေးနိုင်တာကြောင့် ကွန်ဒုံးသုံးဖို့ကိုတော့ မမေ့ပါနဲ့။
ရေးသားသူ - ရဲမျိုးမြတ်